* နံပါတ် (၇) ကိုလိုနီပန်းကလေး
အတတ်နိုင်ဆုံး ကွေးညွတ်ရင်းကပဲ
မြေပြင်နဲ့ထိလုလုမှာ ရုန်းကန်ဆန်တက်
လွင့်စင်မြောက်တက်သွားရာက
ပြန်ကျမလာတော့ဘဲ
ဟိုး..အဝေးဆုံး..ဘလက်(ခ်)ဟိုးအထိ
စြက်ာဝဠာကိုကျော်လွန်ပြီး
နဂါးငွေ့တန်းတွေထဲကနေ သွေဖီပြီး
မသိစိတ်တခုရဲ့ ကိုလိုနီပန်းကလေး ဖြစ်ခဲ့ပါပြီ။ ။
***
အကိုင်းလေးသာကျိုးသွားခဲ့ရင်ဖြင့်ဆိုပေမယ့်
ယစ်မူးယုယစေချင်ခဲ့မိ
ပိုက်ထွေးချုပ်နှောင်ထားစေချင်မိ
ခေါင်းပေါ်မှာပန်လည်း ကျေနပ်တယ်
ရွှေလည်တိုင်ဆွဲ ဆင်မြန်းလည်း ကျေနပ်တယ်
စာအုပ်ကြားထဲ သွေ့ခြောက်မွှေးကြူရရင်တောင် ကျေနပ်နေမှာ
တကယ်ဆို အရိုးခံပန်းခြောက်ကလေးတော့ ဖြစ်ခဲ့ဦးမှာ။ ။
***
သဘာဝရဲ့ အီလပ်(စ်)တစ်ပဲ…
ကွေးညွတ်လွန်းရာက ရုန်းဆန့်သွားတဲ့သဘော
ဆန်တက်နိုင်တဲ့ အင်အားရှိလာဖို့
တစုံတရာဆီမှာမှ ငြိတွယ်ငင်မနေခဲ့
ရုန်းနိုင်သွားတော့ ခုန်ကြည့်တာပေါ့
မဟုတ်ဘူး…ပျံကြည့်တာပေါ့
အတောင်မပါပေမယ့်လေ..
ကမ္ဘာမြေမှာဆွဲအားမရှိဘူး
အဟုတ်…သူ့မှာ ဆွဲအားမရှိဘူး
ရှိသမျှအားနဲ့ အစွမ်းကုန်လွင့်စင်ပြီး
ဟိုး..အဝေးထိ…
မိုးကုပ်စက်ဝန်းကိုကျော်လွန်ပြီး
သက်တန့်တွေကိုတံတားလုပ်ပြီး
ကမ္ဘာဂြိုလ်ကိုထားခဲ့ပြီး
အချုပ်အနှောင်ကင်းတဲ့
နယ်လွန်ပတ်ဝန်းကျင်အသစ်ရဲ့
ကိုလိုနီပန်းကလေးဖြစ်ချင်နေခဲ့ပါပြီ။ ။
ကလောင်အမည် - သက်ကေသရာ
Comments
Post a Comment