Posts

Showing posts from March, 2024

* နံပါတ် (၁၀) ခွင့်မပြု

ရက်စွဲ - ၁၆.၀၉.၂၀၁၈ ဒဲ့ဒိုးပဲပြောပါ သွားကြိတ်ပြီးမစဉ်းစားချင် ပမာခိုင်းနှိုင်းမပြပါနဲ့  မျက်လုံးပြူ းပြီး ပုံဖော်မကြည့်ချင် ဆိုရိုးစကားတွေ မကိုးကားပါနဲ့  ခေါင်းကုတ်ပြီး ကြောင်တောင်တောင်မဖြစ်ချင် သမိုင်းအထောက်အထားတွေ မသုံးပါနဲ့ ခွေးအကြီးလှည်းနင်းသလို မဖြစ်ချင် ကလောင်အမည် - သက်ကေသရာ

* နံပါတ် (၉) ခရီးသည်

ရက်စွဲ - ၁၃.၀၃.၂၀၁၈ နာရီလက်တံတွေရဲ့ဓားလွယ်ခုတ်အရပ်ကနေ ငါဟာခရီးရှည်တစ်ခုကိုခြေဆန့်နေခဲ့မိတယ်။ ဘူတာအမှတ်စဉ်တပ်တာမှားယွင်းနေပေမယ့် ရထားကတော့ အလျားလိုက်ခုတ်မောင်းဆဲ ဒုတိယဘုရားသခင်ကို မော်ဖူးရဖို့ ငါမြှုပ်နှံခဲ့ရတဲ့ နံရိုးတွေ မွေးရပ်မြေမှာပဲရှိတော့တယ် လက်ယပ်ခေါ် နေတဲ့ရွှေအိုရောင်တံလျှပ်တွေနောက်လိုက်ရင်း ငါ့အဇ္ဈတ္တဟာ ခဏခဏချော်လဲနေတော့တာပဲ ဘယ်အခြေခိုင်မလဲ? ငါ့နံရိုးတွေကငါ့မွေးရပ်မြေမှာလေ။ အဖြူအိုရောင်လေးပေါ့… ကလောင်အမည် - သက်ကေသရာ

* နံပါတ် (၈) ကူးပြောင်းချိန်

  ရွာတော့မလို၊ ပြိုတော့မယောင် မိုးသားတိမ်လိပ်၊ အရှေ့ထိပ်မှ ရွေ့ရွေ့ချဉ်းလာ၊ သွေ့သွေ့ပူပြင်း နေ့လည်ခင်းကား၊ မလင်းမမှုန် သုန်သုန်သွေးဆော်၊လေပြေသော်မှ ဖျဖျဖြူးစဉ်၊ ကုက္ကိုရွက်အို ကြွေသည့်ခဏ၊မှင်သက်မိသည် မူမမှန်သော.. ရာသီပြောင်းချိန်ပါပဲလေ။ ။ *** ထွက်တော့မလို၊ ဝင်တော့မယောင် ပြင်းပြင်းရှူရှိုက်၊ မောဟိုက်နွမ်းလျ ဝမ်းသာဝမ်းနည်း၊ လွမ်းမိတန်တန် သန်မြန်တုန်းက၊ ထုံးဖွဲ့မာန စာဂမရှိ၊ မသိဘာဝနာ မေ့လျော့ကျေးဇူး၊ ပြုဖူးသူအား ထူးထူးစွဲလမ်း၊ မမြဲဥစ္စာ လောဘရမ္မက်၊ ဖက်တွယ်မိခဲ့ နေကွယ်ခဏ၊ နောင်တရသည် မသေချာသော… ဘဝကူးချိန်ပါပဲလေ။      ။ ကလောင်အမည် - သက်ကေသရာ 

* နံပါတ် (၇) ကိုလိုနီပန်းကလေး

အတတ်နိုင်ဆုံး ကွေးညွတ်ရင်းကပဲ မြေပြင်နဲ့ထိလုလုမှာ ရုန်းကန်ဆန်တက် လွင့်စင်မြောက်တက်သွားရာက ပြန်ကျမလာတော့ဘဲ ဟိုး..အဝေးဆုံး..ဘလက်(ခ်)ဟိုးအထိ စြက်ာဝဠာကိုကျော်လွန်ပြီး နဂါးငွေ့တန်းတွေထဲကနေ သွေဖီပြီး မသိစိတ်တခုရဲ့ ကိုလိုနီပန်းကလေး ဖြစ်ခဲ့ပါပြီ။ ။ *** အကိုင်းလေးသာကျိုးသွားခဲ့ရင်ဖြင့်ဆိုပေမယ့် ယစ်မူးယုယစေချင်ခဲ့မိ ပိုက်ထွေးချုပ်နှောင်ထားစေချင်မိ ခေါင်းပေါ်မှာပန်လည်း ကျေနပ်တယ် ရွှေလည်တိုင်ဆွဲ ဆင်မြန်းလည်း ကျေနပ်တယ် စာအုပ်ကြားထဲ သွေ့ခြောက်မွှေးကြူရရင်တောင် ကျေနပ်နေမှာ တကယ်ဆို အရိုးခံပန်းခြောက်ကလေးတော့ ဖြစ်ခဲ့ဦးမှာ။ ။ *** သဘာဝရဲ့ အီလပ်(စ်)တစ်ပဲ… ကွေးညွတ်လွန်းရာက ရုန်းဆန့်သွားတဲ့သဘော ဆန်တက်နိုင်တဲ့ အင်အားရှိလာဖို့ တစုံတရာဆီမှာမှ ငြိတွယ်ငင်မနေခဲ့ ရုန်းနိုင်သွားတော့ ခုန်ကြည့်တာပေါ့ မဟုတ်ဘူး…ပျံကြည့်တာပေါ့ အတောင်မပါပေမယ့်လေ.. ကမ္ဘာမြေမှာဆွဲအားမရှိဘူး အဟုတ်…သူ့မှာ ဆွဲအားမရှိဘူး ရှိသမျှအားနဲ့ အစွမ်းကုန်လွင့်စင်ပြီး ဟိုး..အဝေးထိ… မိုးကုပ်စက်ဝန်းကိုကျော်လွန်ပြီး သက်တန့်တွေကိုတံတားလုပ်ပြီး ကမ္ဘာဂြိုလ်ကိုထားခဲ့ပြီး အချုပ်အနှောင်ကင်းတဲ့ နယ်လွန်ပတ်ဝန်းကျင်အသစ်ရဲ့ ကိုလိုနီပန်းကလေးဖြစ်ချင်နေခဲ့ပါပြီ။ ။   ...

* နံပါတ် (၆) ကိုးတောင်ပြည့်ကျောင်း ဂုဏ်ပြု ဖွဲ့ (အဖြည့်ခံ ရတု)

ရက်စွဲ -  ၂၀၁၉ ချိန်သီယွန်းလာ၊ မြန်ပြည်သာနှံ့၊ ဝေဆာပွင့်ဖူး၊ စေတီထူးအား၊  ရည်စူးပူဇော်၊ မြို့သဲတော၌၊ ဘုန်းတော်မိုးဝေ၊ သို့ဖြစ်ပေက၊ ရှိစေကျောင်းတော်၊ တွေးထောက်မျှော်လျက်၊ သဘောတူညီ၊  ကိုးကွယ်တည်သည်၊ ကျောင်းမည်အတိ၊ "ကိုးတောင်ပြည့်"ဟု၊  တပည့်သံဃာ၊ မြောက်မြားစွာတို့၊ လေ့လာကျင့်ကျက်၊ ပိဋကတ်ကို၊ အတတ်သင်လျှင်၊ ဖြေဆိုဝင်ရောက်၊ အောင်မြင်လေဘိ၊  ဂွမ်းဆီထိသို့၊ ပီတိဝေသော်၊ ဒကာတော်တို့၊ တွေးမျှော်ကုသိုလ်၊ ရယူလို၍၊ မဂ်ဖိုလ်မှန်းကာ လှူဒါန်းပါသည်၊ နတ်လူသာဓု ခေါ်စေသော်ဝ်။ ။ *** ထိန်ကြည်ရွှန်းသာ၊ ဒေါင်းဖန်ဝါသို့၊ ထွန်းလာဘိတွင်၊ မြို့ဂုဏ်အင်ဆောင်၊ သားကိုးတောင်တို့၊ ထမ်းဆောင်မှုခင်း၊ ညီနောင်ချင်းကွဲ၊  ဖြစ်ချင်းဖြစ်လျှင်၊ မြူ မင်းလွင်တို့၊ မှိုင်းစင်ဝန်းရွှေ့၊ ထိုသည့်နေ့ဝယ်၊ ဆုံတွေ့ရရန်၊ အကြောင်းဖန်ခိုက်၊  ထိပ်ပန်ဦးတင်၊ ဆရာရှင်သို့၊  လန်းရွှင်စိတ်တွေ၊ ဖိတ်ဝေစွာဖြင့်၊ မမေ့သင့်ပေ၊ ပညာ့မြေနှစ်၊ ဖြစ်တည်ရှိသည်၊ မှတ်ယူနောင်ထု ညီစေသော်ဝ်။ ။ ကလောင်အမည် - သက်ကေသရာ

* နံပါတ် (၅) ကျွန်တော်ရေးတဲ့သူ့ဋီကာ

 📝 ကျွန်တော်ရေးတဲ့သူ့ဋီကာ 📝    ရက်စွဲ - ၂၈.၁၂.၂၀၁၈ သူ.... ဆောင်းရာသီ မှန်၏။ မချမ်း မအေး သို့သော် အသည်းခိုက်အောင် နေစိမ့်၏။ *** သူ.... ဆောင်းရာသီ မှန်၏။ နှင်းများမထူထပ် သို့သော် စိတ်အစဉ်ကို မြူ မှုန်ဆိုင်းစေ၏။  *** သူ.... ဆောင်းရာသီ မှန်၏။ မြစ်ရေသည် မခဲ သို့သော် နှလုံးသားကား ကျောက်ဖြစ်ရုပ်ကြွင်းလေလား? *** သူ.... ဆောင်းရာသီ မှန်၏။ ခမ်းနားထည်ဝါ နှစ်လိုဖွယ်ကောင်း၏။ သို့သော် အညတရသာဖြစ်၏။ *** သူ.... ဆောင်းရာသီ မှန်၏။ ရာသီပန်းများ ပွင့်လန်း၏။ အရောင်အသွေးစုံလင်၏။ သို့သော် နှင်းဆီခိုင်မဟုတ်ပါပေ။ *** သူ.... ဆောင်းရာသီ မှန်၏။ အသစ်အသစ်တို့ သစ်လွင်ပြီးနောက် တဖန် အသစ်အသစ်တို့ သစ်လွင်လာလိမ့်မည်။ ထို့ကြောင့် စွန့်လွှတ်တတ်ဖို့လိုကြောင်း တွေးမိစေ၏။  ကလောင်အမည် - သက်ကေသရာ

* နံပါတ် (၄) ကင်မရာ

ရက်စွဲ - ၁၃.၀၂.၂၀၁၈ အနက်ရောင်တွေကိုအကျဉ်းချ မှောင်မိုက်နေတဲ့ကမ္ဘာငယ် ကိုယ့်မှာ မျက်လုံးတစ်လုံးပဲရှိခဲ့တယ် *** အရာရာကို အသားတကျ မျက်တောင်အဖွင့်အပိတ်ကြားမှာ မင်း ထုတ်ဖော်မြွက်ကြားခြင်းမရှိခဲ့တဲ့ ကြီးမြတ်ခမ်းနားခြင်းများစွာ ကိုယ်မြင်နိုင်ခဲ့တယ် *** အလင်းတံခါးကိုခေါက် ကဆုန်ပေါက်ဝင်လာတဲ့ ဆုံမှတ်တွေ စုချည် ဘော်ငွေရောင် ကိုယ့်နှလုံးသားပေါ်မှာ ပုံရိပ်စစ်တွေသာဖြတ်သန်းခွင့်ပေးခဲ့တယ် *** သေသေသပ်သပ် "ချိန်တာ" ညှိခဲ့သော်လည်း ပြန်လင်းတန်းတွေမှာ အလွမ်းသက်ခဲ့တော့ ခေတ်ဆွေးထဲက ကင်မရာဟောင်းတစ်လုံးလို မုန်းမေ့မေ့......ထားရစ်ခဲ့ပါ မေ။ ကလောင်အမည် - သက်ကေသရာ